အချို့တရားရှုမှတ်ပုံကား နာမ်ရုပ်တို့၏ အကြောင်းအကျိုးကို မသိမ်းဆည်းဘဲ အဖြစ်အပျက်ပဲ အဖြစ်အပျက်ပဲဟု သော်လည်းကောင်း၊ သုညတပဲ ဟုသော်လည်းကောင်း အပျက်ချည်းပဲ ဟုသော်လည်းကောင်း ဆင်ခြင်ပြီး ရှုမှတ်နေကြသည်။ ယင်းသို့ ဆင်ခြင်ပြီး ရှုမှတ်ခြင်းသည် ခန္ဓ၀ဂ္ဂ သံယုတ်ပါဠိတော် ဆန္နသုတ်တွင် လာရှိသည့် ဆင်ခြင်ရုံမျှသိသော ၀ိပဿနာ အတု (ဒုဗ္ဗလ၀ိပဿနာ) နှင့် တူနေကြောင်းကို မဟာစည်ဆရာတော်ဘုရားက သီလ၀န္တသုတ် တရားတော်တွင် ထည့်သွင်း သတိပေးတော်မူ၏။ ကမ္မဋ္ဌာန်းတရား ကျွမ်းကျင်တော်မူသော ဆရာတော် သံဃာတော်တို့သည် ယောဂီပုဂ္ဂိုလ်များ၏ ဤဒုဗ္ဗလ၀ိပဿနာမျိုးကို လိုလားတော် မမူ။ လိုလားတော် မမူသော်လည်း အချို့ကမူ ဤကဲ့သို့ဆင်ခြင်ပြီး ရှုမှတ်ပုံမျိုးကို ဘုရားရှင်နှင့် ဆရာသမားများက အလိုရှိသည် ဟုမှားယွင်းယူဆနေကြသည်။

ယူဆကြသည့် အကြောင်းပြချက်မှာ "ဣဓ၊ ဤသာသနာတော်၌၊ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ၀ုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ သမထံ၊ ဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို။ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဉ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ။ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ၀ိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ၀ိပဿနာ၊ ၀ိပဿနာပေတည်းလို ပြဆိုထားတယ်။" ဟူသော ပါဠိတော်အရ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စ စသည်ဖြင့် ရှုရမည် ဟူသော ပြဆိုချက်ကို အယူအကောက်လွဲမှု ဖြစ်သည်။

ဤအတွက် မဟာစည်ဆရာတော်ဘုရားကြီးက စိတ္တ၀ိသုဒ္ဓိဖြစ်ပါမှ နာမရူပပရိစ္ဆေဒဥာဏ်နှင့် ပစ္စရပရိဂ္ဂဟ ဥာဏ်များဖြစ်ပြီး အနိစ္စ ဒုက္ခ အနတ္တဟု ရှုသိသော ၀ိပဿနာဥာဏ်များ ဆက်လက်ဖြစ်ပေါ်သည်ဟု ကောက်ယူရမည်ဟု ပြဆိုတော်မူသည်။

“မြင်ဆဲကြားဆဲ စသည်၌ တကယ်ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်ကို ရှုပါမူ သမာဓိအားရှိသောအခါ ရှေးဦးစွာ ရုပ်နှင့်နာမ်ကို ခွဲခြား၍ သိရသည်။ ထို့နောက် အကြောင်းနှင့် အကျိုးကို သိမ်းဆည်းရသည်။ ထို့နောင်မှ အသစ်အသစ်ဖြစ်ဖြစ်ပြီး ပျောက်ပျောက်သွားတာကို တွေ့ရသဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဟုရှုသိသော ၀ိပဿနာဥာဏ်အစစ်ဖြစ်မြဲပင် ဖြစ်သည်။ အကြောင်းကို တွေ့သိတဲ့ ပစ္စယ ပရိဂ္ဂဟ ဥာဏ်အ စစ်ဖြစ်မြဲပင် ဖြစ်သည်။ အကြောင်းကို တွေ့သိတဲ့ ပစ္စယပရိဂ္ဂဟဥာဏ်မဖြစ်ဘဲ အဖြစ်အပျက် အနိစ္စလက္ခဏာ စသည်ကို မသိနိုင်သည်သာ” (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်၊ ၀ိပဿနာရှုနည်းကျမ်း)

လယ်တီဆရာတော်ဘုရားကြီး၏ တရားရှုမှတ်နည်းတွင် ကာယာဂတာ သတိ ဖြစ်စေခြင်း အလို့ငှာ အာနာပါန၊ ဣရိယာပထသမ္ပဇည တို့ကို ပြဆိုထားသည်။ ယင်း ကာယဂတာသတိဖြင့် စိတ္တ၀ိသုဒ္ဓြိဖစ်ပြီးမှ "ရူပံ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရကဋ္ဌေန" ဟူသည့်အတိုင်း ရုပ်တရားနာမ်တရားတို့၏ ဖြစ်မှု ပျက်မှုတို့ကို ဥာဏ်ဖြင့် မြင်အောင်ရှုရသော ၀ိပဿနာဥာဏ်စဉ်များဖြစ်အောင် တက်ပုံကို ပြဆိုထားသည်။ ဤတွင် အနုဗဒ္ဓနာအခန်းမှ ၀ိပဿနာ လမ်းသို့ တက်နည်း၊ ဥပစာရသမာဓိ မှ ၀ိပဿနာတက်နည်း၊ အပ္ပနာသမာဓိ၊ ဒုတိယဈာန်၊ တတိယဈာန် စတုတ္ထဈာန်မှ ၀ိပဿနာ လမ်းသို့ တက်နည်း စသည်ဖြင့် ပြဆိုထားသည်။ (လယ်တီဝိပဿနာ၊ အနတ္တဒီပနီ)

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားရှုမှတ်ပုံတွင်ကား ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ၊ ကာယာနုပဿနာ သတိပဋ္ဌာန်လေးနည်းမှ တနည်းနည်းဖြင့် ပစ္စုပ္ပန်အခိုက်၌ ထင်ရှားပေါ်သော ရုပ်တရား နာမ်တရားတို့ကို ရှုမှတ်ရန် နည်းပေးတော်မူသည်။ "ဘုန်းကြီးများကတော့ဖြင့် ဒကာဒကာမတွေကို သတိပဋ္ဌာန်ကို သေသေချာချာ ဟောနေတာပဲ စိတ္တာနုပဿနာလဲဟော၊ ဝေဒနာနုပဿနာလဲဟော ကာယာနုပဿနာလဲဟော၊ သစ္စာဆိုတဲ့ ဓမ္မာနုပဿနာတွေလဲဟော အဲဒီတော့ ဒီအထဲက တစ်ခုခုတော့ တိုက်မိတော့မှာ သေချာတယ်၊" (သောတာပန်ဖြစ်ဖို့နှစ်ချက် တရားတော်)

ဤကား ဖြစ်ဆဲရုပ်နာမ်များကို ရှုသိအပ်ပုံကို ပါဠိ၊ အဋ္ဌကတာများနှင့် အညီ ၀ိပဿနာ ကျွမ်းကျင်တော်မူသော ဆရာတော်များ၏ အလုပ်ပေးကမ္မဋ္ဌာန်း တရားများအတိုင်း အမြွက်မျှ ရှာဖွေတင်ပြခြင်း ဖြစ်သည်။ သို့ရာတွင် ဤနိဒါန်း၏ ရည်ရွယ်ချက်သည် ၀ိပဿနာရှုနည်းများကို သုံးသပ်တင်ပြလိုရင်းမဟုတ်။ ဆက်လက် ကောက်နုတ်တင်ပြမည့် ၀ိပဿနာ ဥာဏ်စဉ်များ ဖြစ်ပုံကို စာရှုသူများ ပိုမိုရှင်းလင်းစွာ နားလည် သဘောကျစေရန် အခြေခံရှုမှတ်နည်းကို မိတ်ဆက်ပေးလိုရင်းသာ ဖြစ်သည်။ (နာကြားဖူးပြီးသူက များသဖြင့် နာဖူးထပ်မံဟု သဘောထားတော် မူကြရန်လည်း ဖြစ်ပါ၏။)

ထို့ကြောင့် စာရေးသူ၏ တာဝန်သည် စာရှုသူများ အလွယ်တကူ ဖတ်ရှုနိုင်ရန် ၀ိပဿနာဥာဏ်စဉ်များ ဖြစ်ပုံကို ရှာဖွေဖော်ပြရန်ဖြစ်သည်။ သို့သော် ၀ိပဿနာဥာဏ်စဉ်များကို မကျဉ်းမကျယ်နှင့် တစ်ဆင့်ချင်း တစ်ဥာဏ်ချင်း ယောဂီများ၏ ကိုယ်တွေ့ဥာဏ်ကို ကျမ်းဂန်များနှင့် နှီးနှောကာ ကွက်ကွက်ကွင်းကွင်း ပြဆိုတော်မူသော ကျမ်းများကား ရှားပါးလှကြောင်း သတိမူရသည်။ လယ်တီဆရာတော်ဘုရား၏ ဒီပနီများသည် စုံလင် ပြည့်စုံသည် မှန်သော်လည်း ဤနေရာတွင် ဖော်ပြရန်မှာမူ မစွမ်းသာအောင် ကျယ်ဝန်းလွန်းနေပြန်သည်။ ထို့ကြောင့် မိမိသည် မဟာစည်ဆရာတော်ဘုရား၏ ၀ိပဿနာရှုနည်းကျမ်းကို အားကိုးရပြန်သည်။ ၀ိပဿနာရှုနည်းကျမ်းတွင် ဤ၀ိပဿနာဥာဏ်စဉ်များဖြစ်ပုံကို ယောဂီတို့၏ အတွေ့အကြုံများအား သုတေသန ပြုလုပ်လျက် ပါဠိ အဋ္ဌကထာများနှင့် နှီးနှောကာပြထားသည်မှာ များစွာ သုတပညာ တိုးပွားဖွယ် ကောင်းသည်။

ထို့ကြောင့် ၀ိပဿနာဥာဏ်စဉ်များ ဖြစ်ပုံကို ဖော်ပြရာ၌ မဟာစည်ဆရာတော်၏ ၀ိပဿနာရှုနည်းကျမ်း အကျဉ်းချုပ်မှ အဓိက ကောက်နုတ် တည်းဖြတ်၍ ဖော်ပြပြီး စာရှုသူများ၏ စိတ်ဝင်စားမှုပေါ်မူတည်၍ အခြားဆရာတော်များ၏ ကျမ်းစာအုပ်များကို လိုအပ်ပါက ထပ်မံ ကောက်နုတ် တည်းဖြတ်ကာ ဖော်ပြမည်ဟု ဆုံးဖြတ်သည်။ (မှတ်ချက်။ ။ တည်းဖြတ်ရာတွင် မူရင်း အဓိပ္ပါယ်ကို မည်သို့မျှ ထိခိုက်မည်မဟုတ်ဟု ယုံကြည်မှသာ တည်းဖြတ်မည် ဖြစ်ပြီး များသောအားဖြင့် မူလအတိုင်း ကောက်နုတ်ပြပါမည်။ )

ဆောင်ပုဒ်

ဝိပဿနာဥာဏ်ဆိုတာ ဘယ်ဟာရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ ငါးခန္ဓာ မှန်စွာရှု၍ ဖြစ်သတည်း။

(မဟာစည်ဆရာတော်)

ဝိသုဒ္ဓိနှင့် ဥာဏ်စဉ်အကျဉ်းချုပ်



ငါးပါးသီလ၊ အာဇီဝဋ္ဌမက သီလ၊ အဋ္ဌင်္ဂဥပေါသထ သီလ၊ ဆယ်ပါးသီလ တို့တွင် တမျိုးမျိုးကို ဆောက်တည်ရမည်။ ဤကား လူတို့၏ သီလ၀ိသုဒ္ဓိတည်း။ ပါတိမောက္ခ သံဝရ၊ က္ကန္ဓြိယ သံဝရ၊ အာဇီဝ ပါရိသုဒ္ဓိ၊ ပစ္စယသန္နိဿိတ ဟူသော သီလလေးပါးကို လုံခြုံစွာ စောင့်ထိန်းခြင်းသည် ရဟန်းတော်တို့၏ သီလ၀ိသုဒ္ဓိ မည်၏။

ဝိပဿနာ ယာနိက လမ်းဖြင့် နိဗ္ဗာန်သို့သွားလိုသော ယောဂီသည် သီလ၀ိသုဒ္ဓိနှင့် ပြည့်စုံသည်မှ စ၍ ၀ိပဿနာအလုပ်ကို အားထုတ်အပ်၏။ အားထုတ်ကောင်း၏။ အားထုတ်ပါလေ။

အားထုတ်ခါစ၌ စိတ္တ၀ိသုဒ္ဓိ မဖြစ်သေးမီ ကာမအာရုံ စသည်ကို ကြံစည်လျက် ပျံ့လွင့်ပြေးသွားသော စိတ်များသည် မှတ်မှုတို့၏ အကြားအကြား များစွာပင် ဖြစ်တတ်၏။ (မှတ်ချက်။ ။သမာဓိမဖြစ်သေးက ဟိုဟိုဒီဒီ စဉ်းစားနေမိတတ်သည် ဟူ၏။) ထိုစိတ်များကို လုံးဝမသိနိုင်သည်လည်း ရှိ၏။ အတန်ကြာမှ ပြန်၍ သိသည်လည်း ရှိ၏။ ခဏိက သမာဓိက အားမရှိသေးသောကြောင့် နီဝရဏ ကိလေသာများက မှတ်သိမှု ဘာဝနာကို ပိတ်ဆို့တားမြစ်နေခြင်း ဖြစ်၏။ (မှတ်ချက်။ ။ ခဏိက သမာဓိကို အောက်တွင် ထင်ရှားစေလိမ့်မည်။ )

ခဏိကသမာဓိ အားရှိလာသော အခါ မှတ်သိမှုသည် ဖောင်းမှု ပိန်မှု၊ ကွေးမှု ဆန့်မှု မြင်မှု ကြားမှု စသော မှတ်စရာ အာရုံများ အပေါ်၌ ကျ၍ ကျ၍ သွားဘိသကဲ့သို့ ၄င်း၊ ကပ်၍ ကပ်၍ နေဘိသကဲ့သို့ လည်းကောင်း၊ စူးစူးစိုက်စိုက် ဖြစ်လျက် အမှတ်ကောင်းလာ၏။ ထိုအခါ တခြားတပါးသို့ ပြေးသွားပျံ့လွင့်သော စိတ်သည် များသောအားဖြင့် မဖြစ်တော့ပြီ။ တရံတခါ ဖြစ်သော်လည်း ထိုစိတ်ကို ချက်ချင်းပင် မှတ်သိနိုင်၍ ဖြစ်ပေါ်သော နီဝရဏသည် ချက်ချင်းပင် ကင်းငြိမ်း ပြတ်စဲသွား၏။ မှတ်သိမှုကို မတားမြစ် မနှောင့်ယှက်နိုင်ပြီ။ ထိုအခါမှာ မှတ်မိတိုင်းသော အာရုံ၌ မှတ်ခိုက်မှတ်ခိုက် ခဏမျှ ကောင်းကောင် စူးစိုက်တည်တံ့လျက်။ တမှတ်ပြီး တမှတ်၊ တစပ်တည်း ဖြစ်သော ခဏိက သမာဓိသည် စိတ္တ၀ိသုဒ္ဓိ မည်၏။ ဤခဏိက သမာဓိသည် သမထ ကမ္မဋ္ဌာန်း အရာ၌ ပြအပ်သော ဥပစာရသမာဓိနှင့် အစွမ်းသတ္တိအင်အား တူညီ၏။

ဤစိတ္တ၀ိသုဒ္ဓိ ဖြစ်လျှင် ဖောင်းမှုက တခြား၊ ပိန်မှုကတခြား၊ ထိုင်မှုကတခြား၊ ဤသို့ စသည်ဖြင့် မှတ်မိသော ရုပ်အာရုံများကိုလည်း အသီးအသီး ပိုင်းခြား၍ သိ၏။ ဖောင်းတာကို မှတ်သိသော စိတ်ကတခြား၊ ပိန်တာကို မှတ်သိသော စိတ်က တခြား၊ ဤသို့ စသည်ဖြင့် မှတ်သိမှု စိတ်နာမ်များကိုလည်း၊ အသီးအသီး ပိုင်းခြား၍ သိ၏။ ဖောင်းတာက တခြား၊ မှတ်သိတာက တခြား၊ ဤသို့ စသည်ဖြင့် ရုပ်အာရုံနှင့် သိမှုနာမ်တို့ကို တခြားစီတခြားစီ ပိုင်းခြား၍ သိ၏။ (ငါတယောက်တည်းကပင် ဖောင်းလဲ ဖောင်းသည်၊ ပိန်လည်း ပိန်သည်၊ ထိုင်လည်းထိုင်သည်၊ ငါတစ်ယောက်တည်းကပင် မှတ်လည်း အထပ်ထပ် မှတ်နေသည်ဟု ပကတိ အထင်မှား ပျောက်သွားသည်ဟု ဆိုလို၏။) ထိုအခါ၌ မှတ်တိုင်း မှတ်တိုင်း မှတ်သိမှု နာမ်တရား၊ ကြံသိမှု နာမ်တရားများကို အာရုံဆီ ပြေးသွားနေသော သဘော၊ အာရုံဆီ ညွှတ်ကိုင်းနေသော သဘော အာရုံကို သိသိနေသော သဘောဟု ကိုယ်ပိုင်ဥာဏ်ဖြင့်ပင် ပိုင်းခြား၍ သိ၏။ ဖောင်းမှု ပိန်မှု ထိုင်မှု စသော တကိုယ်လုံးရှိ ရုပ်များကိုကား အာရုံဆီသို့ မသွားတတ်၊ မညွှတ်တတ်သော သဘော၊ အာရုံကို မသိတတ်သော သဘောဟု ပိုင်းခြား၍ သိ၏။ ဤကား နာမရူပ ပရိစ္ဆေဒဥာဏ်တည်း။

(မှတ်ချက်။ ။ ၀ိပဿနာရှုနည်းကျမ်းအကျဉ်းချုပ်တွင် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပုံကို ဖော်ပြထားသေးသော်လည်း နားလည်မှု ရှုပ်ထွေးမည်စိုး၍ ဖြုတ်ထားခဲ့ပါသည်။ ခေါင်းစဉ်နှင့် မညီမည်ကလည်း စိုးရိမ်ရသဖြင့် အလျဉ်းသင့်ပါက နောက်ဆုံးတွင် ဖော်ပြမည်။)

မကွေးမီ မဆန့်မီကပင် ကွေးချင် ဆန့်ချင်သော စိတ်ဦးကလေးများကို ရှင်းလင်းစွာ မှတ်သိနိုင်သော အခါ၌ 'ကွေးချင်တဲ့ စိတ်ကြောင့် ကွေးမှု ဖြစ်ပေါ်သည်။ ဆန့်ချင်တဲ့ စိတ်ကြောင့် ဆန့်မှုဖြစ်ပေါ်သည်' ဤသို့ စသည်ဖြင့်လည်းကောင်း၊ 'ပထမဦးစွာ ဖြစ်သော စိတ်ထွက်သွားသည်။ ထိုစိတ်ဦးကို မှတ်မိလျှင် တခြားသို့ စိတ်မသွားနိုင'် ဤသို့ စသည်ဖြင့်လည်းကောင်း၊ 'မှတ်စရာ သိစရာ အာရုံရှိပါမှ မှတ်သိ ကြံစည်သော စိတ်ဖြစ်ပေါ်နိုင်သည်' ဤသို့ စသည်ဖြင့် လည်းကောင်း အကြောင်းနှင့်တကွ ဖြစ်ပေါ်လာသော ရုပ်နာမ်တို့ကို မတွေးမဆရတော့ဘဲ မှတ်ဆဲမှာပင် အလိုလို ပိုင်းခြား၍ သိသော ဥာဏ်သည် ပစ္စယပရိဂ္ဂဟဥာဏ် မည်၏။

(မှတ်ချက်။ ။ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ ဖြစ်ပုံကို ဖော်ပြထားသေးသော်လည်း ဖြုတ်ထားခဲ့သည်။)

မှတ်အပ်သော အာရုံ၏ အစအလယ်အဆုံး တို့ကို ပိုင်းပိုင်းခြားခြား သိနိုင်သော အခါ၌ အမြဲတမ်း မှတ်နေကျအာရုံများတွင် ဖောင်းမှု ဆုံးပြီးမှ ပိန်မှု ပေါ်လာသည်ကို လည်းကောင်း၊ ပိန်မှု ဆုံးပြီးမှ ထိုင်မှု ပေါ်လာသည်ကို လည်းကောင်း၊ ကြွမှု ဆုံးပြီးမှ လှမ်းမှု ပေါ်လာသည်ကိုလည်းကောင်း၊ ဤသို့ စသည်ဖြင့် ရှေးရှေး အာရုံဆုံးပြီးမှ နောက်နောက်အာရုံ ဖြစ်ပေါ်လာသည်ကို ရှင်းလင်းစွာ သိ၏။ နာကျင်မှု ယားမှု စသော ဝေဒနာ တမျိုးမျိုး ဆုံးသွားပြီးမှ၊ တခြား တနေရာရာ၌ ဝေဒနာအသစ် တမျိုးမျိုးစ၍ ဖြစ်ပေါ်လာသည်ကို လည်းကောင်း၊ ၂ ချက် ၃ ချက် ၄ ချက် စသည်ဖြင့် မှတ်နေလျှင် ထိုဝေဒနာသည် တဖြည်းဖြည်း သေးငယ်၍ သေးငယ်၍ နောက်ဆုံး၌ ပျောက်ပျောက်သွားသည်ကို လည်းကောင်း၊ ထင်ရှားပေါ်သော ပုံသဏ္ဍာန် နိမိတ် အာရုံတို့တွင်လည်း၊ တမျိုးတမျိုး လုံးဝ ပျောက်သွားပြီးမှ အသစ်အာရုံတမျိုးတမျိုး ထင်ပေါ်လာသည်ကိုလည်းကောင်း၊ ၂ ချက်၊ ၃ ချက်၊ ၄ ချက် စသည်ဖြင့် စူးစူးစိုက်စိုက် မှတ်နေလျှင် ထိုပုံသဏ္ဍာန် အာရုံသည် ရွေ့၍ရွေ့၍ ဖြစ်စေ၊ သေး၍ သေး၍ ဖြစ်စေ၊ မှေးမှိန် မှေးမှိန်၍ ဖြစ်စေ၊ နောက်ဆုံး၌ ပျောက်ပျောက်သွားသည်ကိုလည်းကောင်း ရှင်းလင်းစွာ သိရ၏။ မကုန်ဆုံး မပျောက်ပျက်ဘဲ ခိုင်မြဲ တည်တံ့နေသော တရားကိုကား မတွေ့ရ။ ထို့ကြောင့် မှတ်ဆဲ မှတ်ဆဲမှာပင် ကုန်ဆုံး ကုန်ဆုံးသွားသော ထိုအာရုံကို ကုန်ဆုံးသွားသောကြောင့် မမြဲဟူ၍လည်း သဘောကျလျက် ဆင်ခြင်မိတတ်၏။ ပေါ်ပေါ်ပြီး ပျောက်ပျောက်သွားသောကြောင့် ဆင်းရဲဟူ၍လည်း သဘောကျလျက် ဆင်ခြင်မိတတ်၏။ အခံရခက်လှစွာသော ဒုက္ခဝေဒနာတို့ကို တမျိုးပြီး တမျိုးများစွာ တွေ့ရသဖြင့်လည်း ဆင်းရဲအစုအဝေးကြီးပဲဟု သဘောကျလျက် ဆင်ခြင်မိတတ်၏။ အလိုအတိုင်း မဖြစ်မူ၍ သူ့သဘောအတိုင်းသာ ဖြစ်တတ် ပျက်တတ်သောကြောင့် အစိုးမရဘူး၊ ငါကောင် မဟုတ်ဘူး၊ သဘောတရားမျှသာ ဟူ၍လည်း သဘောကျလျက် ဆင်ခြင်မိတတ်၏။ ဤသို့ မှတ်နေဆဲမှာပင် မှတ်မိသော အာရုံကို မတွေးမဆရဘဲ မမြဲဆင်းရဲ အစိုးမရဟု သဘောကျ၍ ဆင်ခြင်ဆုံးဖြတ်ခြင်းသည် ပစ္စက္ခသမ္မသနဥာဏ် မည်၏။ (၀ိပဿနာရှုနည်းအကျဉ်းချုပ်၊ မဟာစည်ဆရာတော်)


အပိုင်း(၂)တွင် အနုမာနသမ္မသနဥာဏ်ဖြစ်ပုံ၊ နုသောဥဒယဗ္ဗယဥာဏ်ဖြစ်ပုံ၊ ရင့်သန်သောဥဒယဗ္ဗယဥာဏ်ဖြစ်ပုံ၊ ဘင်္ဂဥာဏ်နှင့် ဘယဥာဏ်များ ဖြစ်ပုံတို့ကို ဆက်လက် ဖော်ပြမည်။