ကာယဘာဝနာ စိတ္တဘာဝနာ ပညာဘာဝနာတွေ မပွားများတဲ့ ပုဂ္ဂိုလ်တွေထဲမှာ မထေရ်ကြီးတွေ ရှေ့ဆောင်ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတွေပေါ့လေ ပါလာတယ်။ ( ဂိုဏ်းခေါင်းဆောင် ပုဂ္ဂိုလ်ကြီးတွေ၊ ဆရာသမားကြီးတွေ၊ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ကျောင်းထိုင်ပုဂ္ဂိုလ်တွေလည်း ပါမှာပေါ့လေ၊ အကုန်လုံး ပါသွားမှာပေါ့) အဲဒီမထေရ်ကြီးတွေက ဘာဝိတ-ပစ္စည်းများအောင် အားထုတ်တယ်။ လာဘ်လာဘများအောင်၊ ဘုန်းကြီးအောင် အားထုတ်ကြတယ်။ ဒါပဲ ကြိုးစားကြလိမ့်မယ်တဲ့။ လျော့ရဲသော အကျင့်ရှိကုန်သည်။ သီလသမာဓိ အကျင့်ဘက်ကျ လျော့တယ်တဲ့။ ဒီကျတော့ကို ခပ်လျော့လျော့ပဲတဲ့။ တင်းတင်းရင်းရင်း မကျင့်ကြဘူး။

အောက်တန်းကို ကျဆင်းဖို့ရာ အကြောင်းဖြစ်တဲ့ နီဝရဏလုပ်ငန်းတွေကျတော့ နီဝရဏတရားတွေ၊ နီဝရဏတရားတွေနဲ့ဆိုင်တဲ့ ကိစ္စတွေကျတော့ သူတို့ကရှေ့သွားတွေပဲတဲ့။ ကာမစ္ဆန္ဒနီဝရဏ-ကာမအာရုံတွေနဲ့ စပ်ပြီးသကာလ ၊နှစ်သက်တပ်မက်မှု သာယာမှုလုပ်ငန်းတွေကျတော့ သူတို့ကရှေ့ဆောင်ပဲတဲ့။ သူတို့က ရှေ့ကနေပြီးတော့ လမ်းညွှန်တွေဖြစ်နေတယ်။ နောက်ကတပည့်တွေက သူတို့နောက်လိုက်တာပေါ့။ ရှေ့ကဆရာက ဒီလိုလုပ်နေတော့ တပည့်တွေက ဒီလိုလိုက်ကုန်တာပေါ့။ ကာမအာရုံတွေကို နှစ်နှစ်သက်သက် ရှာမှီးတယ်။ ရလာတဲ့ ကာမအာရုံတွေကို မြိန်မြိန်ယှက်ယှက်နဲ့ သုံးဆောင်တယ်။ ဆွမ်းဆိုပါတော့ ဆွမ်းကောင်းဟင်းကောင်းတွေကို ရှာမှီးမယ်။ ရလာတဲ့အခါကျတော့ မြိန်မြိန်ယှက်ယှက်နဲ့ စားမယ်။ တစ်ချို့က မြိန်စာသိပ်လုပ်စားတာ။ စားရေးသောက်ရေးတွေ သိပ်ပြီးတော့ ဂရုစိုက်တယ်။

ရှာဖွေပြီးတော့ သကာလ ချက်ပြုတ်ပြီးတော့ ကိုယ်တိုင်ညွှန်ကြားပြီးတော့ ချက်ပြုတ်ပြီးတော့စား၊ သူများတွေကိုလည်းပဲ ချက်ဖို့ပြုတ်ဖို့ပြော၊ စားရေးသောက်ရေးနဲ့ဆက်စပ်ပြီးတော့ သိပ်ချီးမွမ်းတာ။ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာလုပ်၊ သက်ဆိုင်တဲ့ ဒကာဒကာမတွေကိုလည်း ဘယ်ဟာကောင်းတယ် ဘယ်ဟာချက်လိုက်စမ်းပါဦး၊ ဘာလုပ်လိုက်စမ်းပါဦး၊ ဒီလိုဟာတွေက ရှိတာပေါ့။ အဲဒါတွေက အပုင်္ဂမိပုဗ္ဗင်္ဂမာပဲ။ ဆွမ်းနဲ့ဆက်စပ်ပြီးတော့လည်း ရှိတယ်။ သင်္ကန်းနဲ့ စပ်ပြီးတော့လည်း ရှိတယ်။ နေရာထိုင်ခင်းနဲ့ စပ်ပြီးတော့လည်း ရှိတယ်။ တပည့်ပရိသတ်တွေနဲ့ ဆက်စပ်ပြီးတော့လည်း ရှိတယ်။ ဒီ့ပြင်ဟာတွေလည်း ရှိတတ်ပါတယ်။ ပြောမကောင်း ဆိုမကောင်းတာတွေလည်း ရှိတယ်။ ကာမဂုဏ်နဲ့စပ်ပြီးတော့ ကာမစ္ဆန္ဒနီဝရဏလို့ ခေါ်တဲ့ ကာမရာဂ ပွားစေတတ်တဲ့ လုပ်ငန်းတွေမှာ သူတို့က ရှေ့ဆောင်လမ်းပြတွေတဲ့။

ဆရာတွေက ဒီလိုလုပ်တော့ တပည့်တွေကလည်း လုပ်။ ပွဲတွေဘာတွေလည်း အပြုခံတာပဲတဲ့။ ပွဲလမ်းသဘင်တွေလည်း လုပ်။ ဒီဥစ္စာတွေလည်း အတူတူပဲ။ ဒါက အကြီးအကျယ်ဘက် ရောက်လာတာပေါ့။ အဲဒါတွေ အားပေးတယ်တဲ့။ ရှေ့ဆောင်လမ်းပြတွေ ဖြစ်နေတယ်။

ဗျာပါဒ-ဒေါသတွေဖြစ်တဲ့ နေရာမှာလည်းပဲ အဲဒီလိုပဲ လောဘ ဒေါသဖြစ်စရာအကြောင်းတွေ ရှိတော့ ရာဂ ဒေါသ ဖြစ်ရင်လည်းပဲ ဆရာသမားကပဲ ရှေ့ဆောင်ဖြစ်ပြီးသကာလ တိုက်တွန်းနှိုးဆော်ပြီး၊ အားပေးပြီးတော့ ဒီလိုဟာတွေ ဖြစ်တာပဲ။ ဒေါသဖြစ်အောင်။

ထိနမိဒ္ဓတဲ့- ထိုင်းမှိုင်းပျင်းရိမှု။ တောကျောင်း တောင်ကျောင်းတွေကို မနေချင်ဘူး ပျင်းတယ်ဆိုတာ ထိနမိဒ္ဓ ခေါ်တယ်။ ပြီးတော့ ကမ္မဋ္ဌာန်းဘာဝနာတွေ ပွားများအားထုတ်ရတာ ပျင်းတယ်ဆိုရင် ဒါ ထိနမိဒ္ဓ ခေါ်တယ်။ ပရိယတ် လုပ်ငန်းတွေကို အားမထုတ်ချင်ဘူး ပျင်းတယ်ဆိုရင် ဒါ ထိနမိဒ္ဓ ခေါ်တယ်။ ပဋိပတ်လုပ်ငန်းတွေကို အားမထုတ်ချင်ဘူး ပျင်းတယ်ဆိုရင် ထိနမိဒ္ဓခေါ်တယ်။ အဲဒါတွေကို သူတို့က မထေရ်ကြီးတွေက ရှေ့ကခေါင်းဆောင်ဖြစ်ရင် သူတို့ကိုက ဒီလိုလုပ်နေတာကိုး။ သူတို့တပည့်တွေက နောက်ကလိုက်လာမှာပေါ့။ အဲတော့ ဗျာပါဒ၊ ထိနမိဒ္ဓ။

နောက် ဥဒ္ဓစ္စ-ပျံ့လွင့်တာ။ သမာဓိရအောင် အားမထုတ်ဘူး။ စိတ်တွေသွားချင်တိုင်းသွား လွှတ်ချင်တိုင်းလွှတ်ထားတယ်။ ကုက္ကုစ-ပူပန်တယ်။ ဒါကတော့ ပူပန်စရာရှိမှပဲ ဖြစ်မှာပဲ။

ဝီစိကိစ္ဆာတဲ့-အရေးကြီးတယ်။ ၀ီစိကိစ္ဆာ ယုံမှားခြင်းတွေ။ ဆရာက ကိုက တရားတွေပွားများ အားမထုတ်ထားတော့ ၀ီစိကိစ္ဆာက မကင်းဘူး။ ဘုရားအပေါ်မှာလည်း ၀ီစိကိစ္ဆာက မကင်းဘူး။ တရားအပေါ်မှာလည်း မကင်းဘူး။ သံဃာအပေါ်မှာလည်း မကင်းဘူး။ ဟိုဟာ ၀ီစိကိစ္ဆာဖြစ် ဒီဟာ ၀ီစိကိစ္ဆာဖြစ်။ သူဝီစိကိစ္ဆာ ဖြစ်ရုံတင်မဟုတ်ဘူး။ တော်ကြာ သူမယုံတဲ့ ဥစ္စာတွေကို တပည့်တွေဘာတွေ လျှောက်ပြောတော့ တပည့်တွေလည်း ၀ီစိကိစ္ဆာတွေလျှောက်ဖြစ်ကုန်တာ။ အဲလိုဟာတွေ ရှိပါတယ်။ အဲဒါဝီစိကိစ္ဆာ။

အဲဒီနီဝရဏလုပ်ငန်းတွေမှာ သူတို့ကရှေ့သွားခေါင်းဆောင်တွေ ဖြစ်လိမ့်မယ်တဲ့။ မထေရ်ကြီးတွေဟာ ။ သူတို့ကပဲ လမ်းပြ။ တပည့်တွေက နောက်က လိုက်တော့မှာပေါ့။

နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ကိလေသာကင်းကြောင်းဖြစ်တဲ့ သမထ၊၀ိပဿနာ လုပ်ငန်းတွေကျတော့ ဒါကျတော့သူ ၀န်ချထားပြီတဲ့။ ဒီအလုပ်ကို မလုပ်ဘူးဆိုတဲ့ဟာ။ လုပ်ဖို့ဟာလည်း စိတ်မကူးဘူးတဲ့။ အစကတည်းက မလုပ်ဘဲနေတာတွေ မလုပ်ဖို့ စိတ်ကူးထားတာတွေလည်း ရှိပါတယ်။ အချို့လည်း အသင့်အတင့်လုပ်ပြီးတော့ တော်ပါပြီ မဖြစ်ပါဘူးဆိုပြီးတော့ အရှုံးပေးပြီး ၀န်ချထားတာတွေ ရှိပါတယ်။ အဆိုးဆုံးကတော့ အစကတည်းက ဘာမှအားထုတ်မထားဘဲ အားထုတ်ကောင်းရကောင်းမှန်း မသိဘဲနဲ့ လုံးလုံး ၀န်ချထားတာတွေ ရှိပါတယ်။ အဲဒါတွေက သာပြီးတော့ဆိုးတယ်။ ဒီလုပ်ငန်း မလုပ်ဘူးလို့ ဆိုတာပါပဲ။

အခုနက မထေရ်ကြီးလုပ်တဲ့ ပုဂ္ဂိုလ်တွေက နီဝရဏဖြစ်စရာ လုပ်ငန်းတွေမှာ ရှေ့ဆောင်လမ်းပြဖြစ်ပြီးတော့ သူတို့ကိုယ်တိုင်က နီဝရဏတွေပွားများနေတယ်။ နီဝရဏ ကင်းစေတတတ်တဲ့ သမထ၀ိပဿနာ လုပ်ငန်းတွေကျတော့ သူတို့ဟာ လက်လျှော့ပြီးတော့ ၀န်ချပြီးတော့ ထားတယ်တဲ့။ အားမထုတ်ကြဘူးတဲ့။

မရောက်သေးတဲ့ တရားကို ရောက်ရအောင် အားမထုတ်ကြဘူးတဲ့။ ကိုယ်မရောက်သေးတဲ့ မဖြစ်သေးတဲ့ သမာဓိဖြစ်အောင်၊ မဖြစ်သေးတဲ့ ၀ိပဿနာဥာဏ်တွေရအောင် မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ ရအောင် အားမထုတ်ဘူးတဲ့။ မရသေးတဲ့ တရားရအောင်လည်း အားမထုတ်ဘူးတဲ့။ မျက်မှောက်မပြုရသေးတဲ့တရား ကိုယ်တိုင်မသိသေးတဲ့ တရားတွေ ကိုယ်တိုင် သိအောင်လည်း အားမထုတ်ရသေးဘူးတဲ့။ ဒါတွေဟာ အတူတူပါပဲ။ မရောက်သေးတဲ့တရားဆိုတာ၊ မရသေးတဲ့တရား မရသေးတဲ့တရားဆိုတာ မျက်မှောက်မပြုရသေးတဲ့တရား။ ဒါအတူတူပါပဲ၊ ပရိယာယ်နဲ့သုံးတာတွေပဲ။

မရောက်သေးတဲ့တရားတွေ၊မျက်မှောက် မပြုရသေးတဲ့တရားတွေ ရောက်အောင် ရအောင် ကိုယ်တိုင်တွေ့ရအောင် မျက်မှောက်ပြုရအောင် ဆိုပြီးတော့ ကြိုးကြိုးစားစား အားမထုတ်တော့ဘူး။ အားမထုတ်ဘဲနဲ့ နေကြလိမ့်မယ်တဲ့။ အင်း ဒါအရေးကြီးတယ်။ အဲဒီတော့ နောင်လာနောက်သားတွေက သူတို့တပည့်တွေကိုး။ ရဟန်းတပည့်တွေ၊ လူတပည့်တွေရော အကုန်လုံးဖြစ်မှာပေါ့။ အရေးကြီးတာကတော့ ရဟန်းတပည့်ကပိုအရေးကြီးတယ်။ တပည့်အဆက်ဆက်တွေက မိမိတို့ဆရာသမား ဖြစ်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်ကြီး မထေရ်ကြီးတွေကို ကြည့်ပြီးတော့ အတုလိုက်သွားလိမ့်မယ်။

ဆရာလုပ်တဲ့ပုဂ္ဂိုလ်က ကာယိနြေ္ဒလည်းအချိုးကျအောင် မပြုပြင်၊ သီလလည်းပဲ ပြည့်ပြည့်စုံစုံဖြစ်အောင် မစောင့်ရှောက်၊ သမာဓိပညာတွေလည်း မပွားများ မရသေးတဲ့ တရားရအောင်တော့ အားမထုတ် ဒီလိုနေလို့ရှိရင် တပည့်တွေကလည်းပဲ ဒီလိုပဲ နေသွားမှာပဲ။ လာဘ်လာဘပွားများအောင် ဘုန်းကြီးအောင် ဒီလိုပဲသူအားထုတ်ပြီးတော့ နေမယ်။ တပည့်တွေကလည်း ဒီလိုပဲ အားထုတ်မှာပဲ။ သူကြီးလို့ရှိရင် ဒီလိုလုပ်ရမှာပဲလို့ ဒီလိုအောက်မေ့မယ်။

ငယ်တဲ့ပုဂ္ဂိုလ်တွေက ကြီးတဲ့ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ဒီလိုပဲ လုပ်ရတယ် အောက်မေ့တာပဲ။ ကြီးလာလို့ရှိရင် ဒီလိုလုပ်ဖို့ရာပဲ ကြည့်တယ်။ သားသမီးတွေက မိဘတွေကို ကြည့်တယ်။ မိဘတွေ ဘာလုပ်တယ် ကြည့်ပြီးတော့ ကြီးလာလို့ရှိရင် သူတို့လည်း ဒီလိုလုပ်ရမှာပဲ အောက်မေ့တယ်။ အချို့မိဘတွေက သေရည်သေရက်တွေကိုသောက် လောင်းကစားတွေကို လုပ်နဲ့ သားသမီးတွေက ကြီးလာလို့ရှိရင် သေရည်သေရက်သောက်ဖို့ လောင်းကစားဖို့ သူစဉ်းစားနေတာပဲ။ ဒါလုပ်ရလိမ့်မယ် အောက်မေ့တာပဲ။ မိဘတွေက မကောင်းတာလုပ်ရင် သားသမီးတွေကလည်း မကောင်းတာ ဖို့ စဉ်းစားတယ်။ မိဘတွေက ကောင်းတာလုပ်ရင် သားသမီးတွေက သူလည်း ကြီးရင် ဒီလိုလုပ်ရမှာပဲလို့ အောက်မေ့တယ်။

သာသနာဘက်ကကြည့်ရင်လည်း ဒီအတိုင်းပဲ။ ခေါင်းဆောင်လုပ်တဲ့ မထေရ်ကြီးတွေက သီလအစရှိတဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင် ကြိုးကြိုးစားစား အားမထုတ်ဘူးဆိုရင် တပည့်တွေကလည်း ကြိုးကြိုးစားစားအားမထုတ်ဘူး။ ခေါင်းဆောင်ဖြစ်မထေရ်ကြီးတွေက လာဘ်လာဘပွားများအောင် ဘုန်းကြီးအောင် အားထုတ်ရင် တပည့်တွေကလည်း ဒီလိုပဲ အားထုတ်ရတယ် အောက်မေ့မှာပဲ။ ကြီးရင်သူတို့ ဒီလိုလုပ်ရမယ်ပဲ အောက်မေ့တယ်။ အဲဒီကနည်းလမ်းတွေ ယူတယ်။ ပြောပုံဆိုပုံ ဟောပုံတွေ ဘာလုပ်ရတယ် ညာလုပ်ရတယ်ဆိုတာတွေ နည်းခိုးပြီးတော့ တပည့်လုပ်တဲ့သူတွေကလည်း ဒါပဲ လိုက်တာပဲ။ ဆရာလုပ်တဲ့ပုဂ္ဂိုလ်က သီလသမာဓိပညာ ပြည့်စုံအောင် အားထုတ်ပြီးတော့ နေတယ်။ ကိုယ်တိုင်လည်း အားထုတ် သူများလည်း တိုက်တွန်းပြီးတော့ နေတော့ တပည့်တွေကလည်း ဒီလိုပဲလိုက်ပြီးတော့ ကျင့်ရမယ်ဆိုတာ သိကြတယ်။ အကုန်လုံးမဟုတ်တောင်မှ လိုက်တဲ့ပုဂ္ဂိုလ်တွေ ရှိတာပေါ့လေ။ လိုက်တဲ့ပုဂ္ဂိုလ်တွေ ရှိပါတယ်။

အခုဟာကတော့ မထေရ်ကြီးတွေက ရှေ့သွားပြီးတော့ နေတော့ တပည့်တွေက အတုလိုက်လာတယ်။ အတုလိုက်လာတော့ တပည့်တွေကလည်းပဲ ဆရာလိုပဲ အဘာဝိတကာယ (ကာယိနြေ္ဒတွေ မှာလည်း အချိုးမကျ၊) အဘာဝိတသီလ-)(သီလမှာလည်း အချိုးမကျ) ၊ သမာဓိပညာတွေမှာလည်း အချိုးမကျ၊ ဒါတွေလည်း မပွားများဘူးတဲ့။ ပစ္စည်းလေးပါး ပေါများအောင် ဘုန်းကြီးအောင် သူတို့လည်း ဒီလိုအားထုတ်တယ်။ ပဋိပတ်အကျင့်တွေကျတော့ လျော့နေတယ်တဲ့။ (သာဓနိက အကျင့်။ )မရသေးတဲ့တရား ရအောင်၊ မသိသေးတဲ့တရား သိအောင်၊ ဒီလိုအားထုတ်မှုလည်းပဲ သူတို့မရှိဘူး။ အားမထုတ်ကြဘူး။

ဤသို့လျှင် သမထ၀ိပဿနာတရား၏ ပျက်ခြင်းကြောင့် ကိုယ်ကျင့်တရား၏ ပျက်ခြင်းကြောင့်၊ သံဃာတော်များ ၀ိနည်းတရား၏ ပျက်စီးခြင်းသည် ဖြစ်၏။

ဤဆိုခဲ့ပြီးသော အနာဂတ်ဘေးသည်ကား ငါးခုမြောက်ဖြစ်သော အနာဂတ်ဘေးတည်း။ ယခု မြတ်စွာဘုရား လက်ထက်အခါ၌ မဖြစ်ပေါ်သေး။ နောင်အခါကာလ၌ ဖြစ်ပေါ်၍ လာလတ္တံ့။ နောင်အခါကာလ၌ ဖြစ်ပေါ်လတ္တံ့သော အနာဂတ်ဘေးကို သိသင့်သိထိုက်၏။ ထိုအနာဂတ်ဘေးကို ပယ်ခြင်းငှာ အားထုတ်သင့် အားထုတ်ထိုက်လှ၏။ ပယ်အောင် အားထုတ်ထိုက်တယ်တဲ့။ အဲဒါဟာ ပဉ္စမအနာဂတ်ဘေးပါပဲ။